ဆီးချိုနဲ့ဆိုင်တဲ့ အာရုံကြောပြသာနာများ
ဆီးချိုရောဂါမှာ သွေးတွင်းသကြားဓာတ်များနေတဲ့အတွက် ခန္ဓာကိုယ်က အာရုံကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် ခြေထောက်နဲ့ လက်က အာရုံကြောတွေက ပိုပျက်စီးကြပါတယ်။ ဖြစ်တဲ့အာရုံကြောပေါ်မူတည်ပြီး ခြေ၊ လက်တွေမှာ နာတာ၊ထုံတာတွေ ရှိပါတယ်။ အချို့လူတွေမှာ အစာချေစနစ်၊ ဆီးလမ်းကြောင်းစနစ်နဲ့ နှလုံး၊သွေးကြောတွေမှာ ပြသာနာရှိတတ်ပါတယ်။ ဆီးချိုကြောင့် အာရုံကြောပျက်စီးမှုမှာ လက္ခဏာအနည်းငယ်ပဲ ရှိနိုင်သလို မသန်မစွမ်းဖြစ်တဲ့အထိပါ ဖြစ်တတ်ပါတယ်။
ဆီးချိုကြောင့် အာရုံကြောပျက်စီးရခြင်းဟာ ဆီးချိုရောဂါရှိသူတွေရဲ့ တစ်ဝက်ခန့်မှာ ခံစားရတဲ့ ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပါတယ်။ဒါ့ကြောင့် အစားအသောက်၊ အနေအထိုင် ဆင်ခြင်နိုင်မှသာ ဒီနောက်ဆက်တွဲအာရုံကြောပြသာနာကို ရှောင်နိုင်မှာဖြစ်ပါတယ်။
Symptom & Types
လက္ခဏာများ
ဆီးချိုရောဂါရဲ့ အာရုံကြောပြသာနာ (၄)မျိုးရှိပါတယ်။
1. Peripheral Neuropathy
ခြေထောက်နဲ့ ခြေဖဝါးမှာစဖြစ်ပြီး လက်နဲ့လက်မောင်းမှာပါ လိုက်ဖြစ်လာပါတယ်။ ဒီအမျိုးအစားကို ခန္ဓာကိုယ်ရဲ့ ဘေးဘက်ခြမ်းခြေလက်တွေမှာ ဖြစ်ပြီး ဖြစ်ရင်လည်း ဘက်ညီတတ်လို့ distal symmetric peripheral neuropathy လို့လည်းခေါ်ပါတယ်။ လက္ခဏာတွေမှာ ထုံတာ (နာတာ၊ အပူချိန်အပြောင်းအလဲတွေအပေါ် ခံစားနိုင်မှု လျော့လာတာ)၊ ကျဉ်တာ၊ စူးသလို ခံစားရတာ၊ ကြွက်သားတွေ အားနည်းတာ၊ အထိအတွေ့ကို မခံနိုင်လောက်အောင် နာတာ၊ ခြေထောက်မှာ အနာဖြစ်တာ၊ ပိုးဝင်တာ၊ အရိုး၊အဆစ်အမြစ်တွေ ပျက်စီးတာ စသည့်ဖြင့် ခံစားရပါတယ်။
2. Autonomic Neuropathy
အလိုအလျောက်လည်ပတ်နေတဲ့ အာရုံကြောစနစ်ထဲမှာ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ ချွေးထွက်တာ၊ မျက်စိ၊ ဆီးအိမ်၊ အစာချေစနစ်နဲ့ မျိုးပွားအင်္ဂါ စတာတွေပါဝင်ပါတယ်။ ဆီးချိုရောဂါဟာ ဒီစနစ်တွေရဲ့ အာရုံကြောတွေကိုလည်း ပျက်စီးစေပါတယ်။ ထိုအခါ သတိမထားမိဘဲ သွေးတွင်းသကြားဓာတ် အလွန်အမင်း ကျဆင်းတာ၊ ထိုင်ရာမှ၊ လှဲရာမှ ထလိုက်တဲ့အခါ မူးခနဲ၊ မိုက်ခနဲဖြစ်ပြီး သွေးပေါင်ချိန်ကျတာ၊ ဆီးဝမ်းပြသာနာတွေ၊ ပျို့အန်တာ၊ ရင်ပြည့်တာ၊ စားချင်စိတ်မရှိတာ၊ မျိုချရခက်တာ၊ မျက်စိအမြင်တွေ လင်းရာမှ မှောင်ရာ၊ ဝေးရာမှ နီးရာကို ကြည့်လို့ မကောင်းတာ၊ ချွေးထွက်များတာ (သို့) နည်းတာ၊ အမျိုးသမီးတွေမှာ မိန်းမကိုယ်ခြောက်တာ၊ အမျိုးသားတွေ လိင်အင်္ဂါထောင်မတ်ဖို့ခက်တာ စတဲ့ပြသာနာတွေ ကြုံရတတ်ပါတယ်။
3. Proximal neuropathy (diabetic polyradiculopathy)
ပေါင်၊ တင်ပါးနဲ့ ခြေထောက်၊ ရင်အုပ်နေရာနဲ့ ဝမ်းဗိုက်နေရာက အာရုံကြောတွေ ထိခိုက်ခံရတဲ့အခါ တင်ပါး၊ တင်ပါးဆုံနဲ့ ပေါင်မှာ အရမ်းနာတာ၊ ပေါင်ကြွက်သားတွေ ရှုံ့ပြီး အားနည်းတာ၊ အထိုင်အထ ခက်တာ၊ ရင်အုပ်တွေ၊ ဗိုက်တွေနာတာတွေ ခံစားရပါတယ်။ ခန္ဓာကိုယ်တစ်ခြမ်းထဲမှာပဲ အဖြစ်များပြီး နောက်တစ်ခြမ်းကိုလည်း ကူးကောင်းကူးနိုင်ပါတယ်။
4. Mononeuropathy (Focal neuropathy)
မျက်နှာ၊ ကိုယ်ထည်၊ လက်မောင်း၊ ခြေထောက် စတဲ့နေရာက အာရုံကြောတစ်ချောင်းတည်း ထိခိုက်ခံရတာ ဖြစ်ပါတယ်။ပုံရိပ်နှစ်ထပ်မြင်တာ၊ မျက်နှာ တစ်ခြမ်းသေတာ၊ လက်၊ လက်ချောင်းတွေမှာ ထုံကျဉ်တာ၊ လက်မခိုင်လို့ ပစ္စည်းတွေ ပြုတ်ကျတာ၊ ညှို့သကျီး၊ခြေဖဝါးနာတာ၊ ခြေဖဝါးရဲ့ ရှေ့ဘက်ကိုမ'မ'နိုင်တာ၊ ပေါင်အရှေ့ဘက်နာတာ စတာတွေ ခံစားရပါတယ်။
Cause Overview
အကြောင်းအရင်း
အမျိုးအစားတစ်မျိုးစီရဲ့ တိကျတဲ့အကြောင်းအရင်းကိုတော့ မသိရှိသေးပါ။ လေ့လာသူတို့ ခန့်မှန်းချက်အရ သွေးထဲမှာ မထိန်းနိုင်၊မသိမ်းနိုင်ဖြစ်နေတဲ့ သကြားဓာတ်တွေဟာ အာရုံကြောတွေရဲ့စနစ်အတွင်း ဆက်သွယ်ချက်တွေကို နှောင့်ယှက်တဲ့အတွက်လို့ ယူဆကြပါတယ်။ ဒါ့အပြင် သကြားတွေဟာ အာရုံကြောတွေကို အောက်စီဂျင်နဲ့ အာဟာရ ပို့ပေးတဲ့ သွေးကြောငယ်တွေရဲ့နံရံတွေကို အားလျော့စေတယ်လို့ ဆိုပါတယ်။
ဖြစ်နိုင်ချေ
- ဆီးချိုရောဂါ ဖြစ်ချိန်ကြာလာခြင်း
- သွေးတွင်းသကြားဓာတ်ကို ကောင်းစွာ မထိန်းခြင်း
- ကျောက်ကပ်အားနည်းခြင်း
- အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
Support & Resources
ကာကွယ်ခြင်းနည်းလမ်း
Blood sugar management
သွေးထဲမှာရှိတဲ့ Hb A1c ပမာဏကို အနည်းဆုံးတစ်နှစ် နှစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ နှစ်လ၊ သုံးလအတွင်း သွေးထဲမှာရှိတဲ့ ပျမ်းမျှ သကြားဓာတ်ကို ခန့်မှန်းတဲ့ သွေးဖောက်စစ်ဆေးချက်ဖြစ်ပါတယ်။ ပမာဏ ၇ အောက် ရောက်နေဖို့ လိုပါတယ်။ ဒိ့ထပ်များနေရင် နေထိုင်စားသောက်ပုံနဲ့ ဆီးချိုဆေး အတိုးအလျှော့ညှိဖို့ လိုပါမယ်။
Foot Care
ဆီးချိုရောဂါရှိသူတွေဟာ အာရုံကြောပြသာနာရှိတတ်တဲ့အတွက် ခြေထောက်မှာ ဒဏ်ရာ၊ ရှရာ၊ ပွန်းရာ၊ အရည်ကြည်ဖု၊ ကွဲတာ၊ နီတာ၊ ယောင်တာ တွေကို နေ့တိုင်း ကြည့်သင့်ပါတယ်။ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ခြေထောက်ကွဲနေရင် ခြေချောင်းတွေကြား မှိုပေါက်တတ်ပါတယ်။ ခြေသည်းညှပ်ရင် အနာတရမဖြစ်အောင် သတိနဲ့ညှပ်ပါ။ သက်တောင့်သက်သာရှိတဲ့ ဖိနပ်အမျိုးအစားကိုသာ ဝတ်ပါ။
ရေးသားသူ - Dr. May Myat Tun